လေပြေ Poetry. Powered by Blogger.

တိတ်တိတ်ပုန်းအလွမ်း

Sunday, August 23, 2009

နှလုံးသားတစ်စုံ
ချနင်းခြင်းခံရတယ်….
သိုဝှက်နေတဲ့ကြားကပဲ
ငါ့ချစ်ခြင်းကိုထုတ်ပြမိတယ်။
ဖြူစင်မှုဆိုတာ
အရောင်တွေနဲ့ မတန်မှန်းသိတယ်။
မင်းအလိုရှိသမျှကိုယူသွားပါ….။
နောက်တစ်ခါတံခါးလာမခေါက်နဲ့ ……။

ရင်မှာငြိမ်းချမ်းချင်ခဲ့တဲ့စိတ်တွေနဲ့ 
ငါ့အတွေးတွေနယ်မြေသစ်ကိုလိုက်ရှာ
ပူလောင်တဲ့ဒီနွံထဲကငါ့ကိုခွဲထွက်ခွင့်ပေးပါ။
လူဆိုတဲ့အပူလောကကိုငါမုန်းတီးမိတယ်။
ဟန်ဆောင်တဲ့မျက်ဝန်းတွေနဲ့ 
တံတားတွေအပြိုင်ထိုးနေရတဲ့ဘဝ
ကျိုးကျတဲ့အခါငါ့ကိုသတိမရနဲ့ တော့
ဆိတ်ငြိမ်စွာနဲ့ နေခွင့်ပြုပါ……

မင်းဘ၀ထဲမှာငါကိုဖျောက်ဖျက်ထားတဲ့နောက်
ကျပျောက်ခဲ့ရသလိုနဲ့ ပြန်လှည့်မရှာနဲ့ …..။
ငါ့နှလုံးသားကိုအသေသတ်ပြီးမှတော့
ဟန်ဆောင်တဲ့မျက်ဝန်းတွေနဲ့ 
ဝမ်းပမ်းတနည်းမရှိုက်ငိုပါနဲ့ တော့။

ငါ့ရင်တွေကွဲခြောက်လို့ 
ငါ့အတွေးနဲ့ ငါစိတ်ကူးကအတိတ်ရဲ့
မင်းပုံရိပ်တွေကိုကြောက်လန့် နေဆဲ
ငါခံစားကြေကွဲနေတာလားမသိဘူး။
မျက်ဝန်းတွေကတော့ကျန်ရှိနေသေးတယ်။
ဖောက်ထုတ်ဖို့ မသက်သာတဲ့ဘ၀မှာတော့
မင်းကိုဆက်လွမ်းနေရဦးမယ်ချစ်သူ……..။

ငါ့စိတ်တွေမင်းကိုဘယ်လိုပဲဆန့် ကျင်နေပါစေ
ငါအချစ်တွေမင်းအတွက်အဆင်သင့်ဖြစ်ခဲ့တယ်
ငါ့လက်တွေကမင်းလက်လေးတွေကိုတောင့်တ
ပြန်မရနိုင်တော့ဘူးဆိုတဲ့အသိနဲ့ 
ငါ့လက်တစ်ဖက်ကိုပြန်ထိုးထဲ့ပေးထားရတယ်။
အတွေ့ တော့မတူပေမယ့်လည်း…….
ခံစားရမှုအလုံးစုံကိုသက်သာလို့ သက်သာငြားပါ။

အထီးကျန်ခြင်းမျိုးကိုမသိဘူး……
မင်းပေးခဲ့တဲ့အသိတွေနဲ့ ငါရှေ့ဆက်နေတယ်…..။
အမှောင်ကိုမတိုးမိအောင်သတိမူတယ်
အလင်းကိုတော့မင်းရှိနေတုန်းကလို
ငါရှာမတွေ့ ခဲ့တာအမှန်ပါချစ်သူ……။
မင်းကိုပြန်လည်မတပ်မက်တော့ဘူး
မင်းငါ့ဆီကိုပြန်လာပေးပါ………။
မနေ့ တုန်းကလိုပဲ
ဘာမှန်းမသိတဲ့ဂယက်တွေနဲ့ 
ငါ့စိတ်တွေလွန်ဆွဲ
ငါ့နှုတ်တွေဆွံ့ အ နေဆဲ……..။

ခုတော့လည်း
မီးရောင်ခပ်ရေးရေးနဲ့ 
အမှောင်ခန်းကျဉ်းကျဉ်းလေးမှာ
ငါကဗျာတွေရေးတတ်နေပြီ
မင်းမရှိတော့လည်း
သူနဲ့ ငါနှစ်ယောက်ထဲ
မင်းအကြောင်းတွေပြောရင်း…..ပြောရင်းနဲ့ 

Print this post

2 comments:

နွေဆူးလင်္ကာ said...

ကဗျာလေး ကောင်းတယ်ဗျာ။ ခံစားချက်နဲ့ တိုက်ဆိုင်လို့လားမသိဘူး ဖတ်ရတာ တော်တော်ကောင်းတယ်။ ကျွန်တော် တိတ်တိတ်လေးလွမ်းနေတာကို ဘယ်သူ့မှ မပြောနဲ့။

ဆောင်းယွန်းလ said...

ခုတော့လည်း
မီးရောင်ခပ်ရေးရေးနဲ့ 
အမှောင်ခန်းကျဉ်းကျဉ်းလေးမှာ
ငါကဗျာတွေရေးတတ်နေပြီ

ချစ်သူပေးခဲ့တဲ့ကဗျာကို တိတ်တိတ်ပုန်းအလွမ်းဆိုတဲ့
ဒဏ်ရာရနှလုံးသားကလောင်နဲ့ အမှောင်မှာစာဖွဲ့နေတယ်
ဆိုပါတော့ညီလေး...

  © Poetry Of လေပြေ by Ourblogtemplates.com 2008

Back to TOP