လေပြေ Poetry. Powered by Blogger.

အရောင်မဲ့အလွမ်း

Tuesday, August 18, 2009

ဘ၀မှာခံစားဖူးတဲ့အရာတစ်ခုက
လူတိုင်းအတွက်လောကဓံတဲ့……။
လူရယ်ဖြစ်စဘ၀ပေးတဲ့အသိက
သူငယ်ချင်းရယ်တဲ့………
လူအရွယ်မတိုင်ခင်ငါတို့ ပခုံးတွေ
တစ်သားတည်းရှိနေခဲ့တယ်လေ….။
ငါတို့ နှလုံးသားတွေဖြူစင်စွာစတေးလို့ 
တစ်ယောက်လက်ကိုတစ်ယောက်ကဆွဲ
လောကလမ်းတွေအပေါ်မှာ
ဘာမထီတေးသွားတစ်ပုဒ်ကိုသံပြိုင်ရွတ်ကြ
သူငယ်ချင်း……
ငါတို့ သိပ်ကိုပျော်ရွှင်ခဲ့ဖူးပါတယ်……။

လူရယ်အသိကငါတို့ ကိုဘ၀အမောတွေနဲ့ 
အတွေးနက်နက်တွေကိုပေးလိုက်တယ်။
ချောက်နက်နက်ကထိုးစရာတံတားမဲ့လို့ 
ငါတို့ တတွေကိုကြိုဆိုနေတယ်…….။
ငါတို့ လေ……
တစ်ယောက်ကျောတွေတစ်ယောက်ခင်းလို့ 
အလုအယက်တက်နင်းခိုင်းတာမှတ်မိသေးတယ်။
သံယောဇဉ်နဲ့ ခိုင်ခံ့မာကျောတဲ့ချစ်ခြင်းတရားက
စိတ်တွေကိုဒီလိုလောင်းထပ်ကာထားခဲ့မှတော့
သေပွဲဆိုတာငါတို့ ရဲရဲဝင်စရာအပေါက်တစ်ခုပေါ့။

ငါတို့ ရဲ့လောကဓံက
တစ်ယောက်တမျိုးစီနဲ့ မျက်ရည်စို့ စေတဲ့အခါ
ငယ်သူအားမနည်းရအောင်ဖေးမမှုတစ်ခုနဲ့ 
တစ်ယောက်မျက်နှာတစ်ယောက်ကြည့်လို့ 
အတူတူငိုကြွေးခဲ့ကြတာမှတ်မိသေးတယ်။
သိပ်ကိုချစ်စရာကောင်းခဲ့တဲ့ငါတို့ ရဲ့အဖြူရောင်တွေ
နောက်နောင်မပျောက်ရလေအောင်
ရင်မှာတိုက်ပိတ်လို့ သိမ်းကာစည်းမယ်…….။
ငါတို့ သွေးတွေအတူလည်ပတ်ခဲ့တုန်းကပေါ့
တစ်ယောက်ကိုတစ်ယောက်သွန်သင်ခဲ့တဲ့
ငါတို့ ရဲ့သွေးစည်းမှုတွေပြန်လိုချင်တယ်။

ငါတို့ လက်တွေသွေးထားကြတယ်…….။
စည်းဆိုတာဖောက်တဲ့သူကိုနားသွင်းစေ
တယုတယနဲ့ ငါတို့ တတွေသင်ယူလို့ 
ငါတို့ လက်တွေကအချင်းချင်းဆုပ်ကိုင်
ငါတို့ ကြားကပေါက်ပင်တွေကိုရှင်းလင်း
အချိန်ရဲ့တန်ဖိုးကိုငါတို့ အတူမျှဝေလို့ 
တစ်ခွက်တစ်ဖလားမော့လိုက်ကြစို့ 
သူငယ်ချင်း…….
ပြီးတဲ့အခါသီချင်းလေးငြီးရင်း
ဘ၀အမောတွေအတွက်မခံမရပ်နိုင်တဲ့
ငါတို့ ရဲ့တိတ်တိတ်ပုန်းမျက်ရည်တွေကို
ငယ်ငယ်ကလိုမဟုတ်တဲ့မီးရောင်စုံတွေကြား
ပြိုင်တူသွန်မှောက်ကာငါတို့ လက်တွေချင်း
မြဲစွာဆုပ်ကိုင်လို့ လူရယ်သိစက
ငါတို့ ရဲ့ကိုယ်ပိုင်တေးသွားနဲ့ ကခုန်ကြမယ်။

အိမ်ဆိုတဲ့မွမ်းကြပ်မှုဆီကို
မကြာခင်ငါတို့ ပြန်သွားကြရတော့မယ်။
ငါတို့ နှလုံးသားတွေအချင်းချင်းနားလည်ခဲ့တယ်
မျက်ရည်တို့ ပြန်လည်ဝဲရစ်လို့ 
ဘယ်ဆီမသိတဲ့ပြန်ဆုံခြင်းတစ်ခုအတွက်
ကြိုတင်မှန်းဆလို့ လွမ်းဆွတ်ကြည့်တယ်။
ငါတို့ လက်တွေကပိုမြဲလာသတဲ့သူငယ်ချင်းရေ……
တစ်ယောက်ကိုတစ်ယောက်ကြည့်ရင်းက
ဦးစားပေးမှုတစ်ခုနဲ့ မင်းလှည့်မကြည့်ပါနဲ့ 
သူငယ်ချင်းရေ…….
မျက်ရည်ကိုယ်စီနဲ့ အကြည့်ဝဲ၀ဲတွေကိုမြင်ယောင်
အတိတ်ရဲ့သံယောဇဉ်အနှောင်အဖွဲ့ တွေကြား
ငါတို့ တတွေပြိုင်တူလှည့်ကြည့်လိုက်ကြတယ်…..။

Print this post

3 comments:

yangonthar said...

သူငယ်ချင်းဆိုတာ တန်ဖိုးထားသူတွေ အတွက်တော့ “ကိုယ်ပွားတစ်ခုပါ”
ကဗျာလေးကို သေချာဖတ်သွားတယ် ဗျို့ 
ကောင်းတယ်ဗျာ
:D

ကောင်းကင်ပြာ said...

ကဗျာကောင်းလေးတွေ စာကောင်းလေးတွေ လာဖတ်တယ်၊ အမ စီဘောက်ရှာတာ ရှာမတွေ့ဘူး၊ ကိုယ်ပဲ မျက်စိမှောက်နေလား ၊ သီချင်းသံကြားပြီး လန့်ပီးတော့ပဲ မတွေ့တာလားလဲ မသိပါဘူး၊ အမ ညနက်မှ စာဖတ်တော့ လေပြေရဲ့ ဘလော့က ထွက်လာတဲ့ သီချင်သံကြောင့် လန့်သွားတယ် ကွယ်၊ စာဖတ်ချင်သူ ရုံးသမားတွေ အတွက်ဆို အခက်အခဲ ရှိနိုင်တယ်၊ ဆရာ လုပ်တာ မဟုတ်ဘူးနော်၊း)

ဆောင်းယွန်းလ said...

ငါတို့ လေ……
တစ်ယောက်ကျောတွေတစ်ယောက်ခင်းလို့ 
အလုအယက်တက်နင်းခိုင်းတာမှတ်မိသေးတယ်။
သံယောဇဉ်နဲ့ ခိုင်ခံ့မာကျောတဲ့ချစ်ခြင်းတရားက
စိတ်တွေကိုဒီလိုလောင်းထပ်ကာထားခဲ့မှတော့
သေပွဲဆိုတာငါတို့ ရဲရဲဝင်စရာအပေါက်တစ်ခုပေါ့။

ကြိုက်တယ်ညီလေးရေ....သူငယ်ချင်းရဲ့အနက်ကိုထင်ထင်ရှားရှားပေါ်စေတယ်

  © Poetry Of လေပြေ by Ourblogtemplates.com 2008

Back to TOP