လေပြေ Poetry. Powered by Blogger.

ပုံပြင်တစ်ပုဒ်ရဲ့အဆုံးသတ်

Tuesday, September 1, 2009

မလင်းတလင်းမီးတိုင်အောက်
ပုလင်းတစ်လုံးအားငယ်စွာနဲ့ 
ငါ့ကိုအဖော်ပြုနေခဲ့တယ်…….။
ငါ့ခေါင်းတွေကိုထောင်မတ်ခွင့်ပေးပါ။
သူမကိုငါမော့ကြည့်ပါရစေ……။
ငါ့ပေါ်ထိုးကျခဲ့တဲ့အရိပ်က
လမ်းဘေးမီးတိုင်တစ်ခုပေါ့…..
ခံစားချက်တွေနဲ့ စကားပြောဖြစ်တဲ့အခါ
သူတို့ လည်းမတက်သာကြပါဘူး……။

ငါ့ရင်အစုံရဲ့ခံစားရမှုတွေ
ငါ့ကိုယ်ငါတောင်ပြောခွင့်မရတဲ့နောက်
ငါဆိုတဲ့ကောင်…….
ငါဆိုတဲ့ကောင်ရဲ့ခံစားချက်တွေအတွက်
မင်းရဲ့ဂရုစိုက်မှုတွေရှိလာပါ့မလားချစ်သူ။
ဂရုတစိုက်နဲ့ မင်းမပေးခဲ့တဲ့ဥပက္ခာတွေ
ခုတော့ငါကိုယ်တိုင်ပိုင်ဆိုင်နေရပြီ…..။

ငါ့အတ္တအတွက်မင်းကိုအလိုရှိတယ်။
ငါ့နှလုံးသားအတွက်မင်းကိုငါမက်မောတယ်။
အမှန်တကယ်လိုချင်ခဲ့ပါတယ်ချစ်သူ။
ငါကိုယ်တိုင်က……
ငါကိုယ်တိုင်ကငါ့ကိုယ်ငါထက်
မင်းကိုတပ်မက်နေခဲ့မိတာပါ……။
အချစ်တွေကိုအသေသတ်
မင်းကိုဆုံးရှုံးကြည့်ဖို့ တွေးမိတိုင်း
ငါ့စိတ်တွေငါ့ကိုလုပ်ကြံဖို့ ချောင်းနေတယ်။
သူ့ အတွေးတွေမှာ ငါ့ကိုတွန်းချလို့ 
မင်းအတွက်နေရာတစ်ခုကို
မရမကဖန်တီးပေးပါလိမ့်မယ်ချစ်သူ။
အဲ့လိုအတွေးတစ်ခုကြောင့်ပဲ
မင်းနဲ့ ဆက်နွယ်တဲ့အတွေးတွေအတွက်
ငါ့ကိုယ်ငါပြန်ကြောက်နေတတ်ပြီ…..။

ငါ့လက်တွေ…
ငါလည်တိုင်တွေဆီကိုချိန်ရွယ်နေပြီ
ငါ့လက်တွေ…
ကြိုးကွင်းတစ်ခုကို
နေသားတစ်ကျကျစ်တတ်နေခဲ့ပြီ။
ငါ့လက်တွေ…
ခုံတစ်ခုကိုခြေထောက်အောက်ထဲ
မဆံ့မပြဲထိုးထိုးထည့်တတ်နေခဲ့ပြီ….။
နောက်တော့….
ငါ့ကိုယ်ငါ…..
ငါ့ကိုယ်တိုင်ကိုကငါ့ကိုယ်ငါကို…….
ငါမဟုတ်တဲ့ငါလိုဖြစ်စေချင်နေခဲ့ပြီ…….။

နှလုံးအေးအေးတစ်ခုနဲ့ 
မင်းကိုလက်လွှတ်လိုက်ဖို့ ဆိုတာ
ငါဟာတန်ခိုးရှင်တပါးမဟုတ်ခဲ့ဘူး။
နွေးထွေးမှုတစ်ခုကိုငါတောင့်တတယ်
အစားထိုးပူလောင်ခြင်းတစ်ခုနဲ့ ပဲဖြေသိမ့်လို့ 
ငါရဲ့ခံစားရခြင်းတွေအတွက်
လှပတဲ့အရည်တမျိုးကိုငါမျိုမျိုနေရတယ်။
ငါ့အာရုံထဲယစ်မှုးစွာနဲ့ မင်းကခုန်တယ်
မင်းကိုသာခုလိုမြင်ယောင်နေရမယ်ဆိုရင်
ငါ့ရင်တွေကွဲထွက်သွားပါစေ……။
ငါအမြဲယစ်မူးနေပါရစေချစ်သူ…..။
ငါ့ကိုရီဝေနေခွင့်ပေးပါ……….။

စိတ်ကူးယဉ်ခြင်းတမျိုးနဲ့ 
ငါ့ကိုယ်ငါလောကအပြင်ကိုဆွဲထုတ်တယ်။
သို့ ပေမယ့်……
သို့ ပေမယ့်များလေ……..
ငါပျော်ရွှင်နေလေလေဖြစ်နေတယ်ချစ်သူ။
ကဇော်တွေတရိပ်ရိပ်တက်
မင်းပုံရိပ်တွေကိုငါမြင်နေခွင့်ရနေတယ်။
ငါပျော်နေတယ်
ငါပျော်ရွှင်နေတယ်……။
ငါ့ရဲ့ပျော်ရွှင်မှုတစ်ခုက
တနေ့ မှာငါ့ကိုလှပစွာအသေသတ်
ငါ့စိတ်ဥာဏ်ကိုပြာအတိဖြစ်စေလို့ 
ငါ့ကိုသူတို့ ခေါ်ဆောင်သွားလိမ့်မယ်…….။
ငါ့အသိတွေနဲ့ အာရုံတွေ
အရိပ်တွေနဲ့ေ၀၀ါးမှုတွေ
ရင်ကွဲမတတ်ပူလောင်မှုတွေ
မျက်ဝန်းတစ်ခုငြိမ်းချမ်းနေတာကိုတော့
ငါကလွဲလို့ ဘယ်သူသိမလဲလေ…….။
ငါမင်းကိုမြင်နေရပြီ……….။

Print this post

4 comments:

yangonthar said...

ကဗျာလေးဖတ်သွားတယ် အချစ်တွေကို
ထင်းကနဲ လင်းကနဲမြင်လိုက်ရတယ်
ခင်မင်လျှက်
ရန်ကုန်သား :D
အေးမြသာယာပါစေ

အိအိချော said...

ကဗျာလေးလာဖတ်သွားပါတယ်၊ အချစ်မရှိခင်၊ အချစ်မရခင်မှာ အချစ်ကိုတောင့်တကြတယ်။ ရပြီးသော် ပေါ့ပေါ့ပျက်ပျက်ပင်ဖြစ်သွားကြတာ လူ့ဓမ္မတာပဲလား

ဆောင်းယွန်းလ said...

အချစ်တွေကိုအသေသတ်
မင်းကိုဆုံးရှုံးကြည့်ဖို့ တွေးမိတိုင်း
ငါ့စိတ်တွေငါ့ကိုလုပ်ကြံဖို့ ချောင်းနေတယ်။

အချစ်တွေရှင်သန်ခွင့်ပေးဖို့ စိတ်ရဲ့ခေါ်ဆောင်ရာနောက်ကိုသာလိုက်သွားပေတော့ညီလေးရေ...

ကိုဟန် said...

လာဖတ်တယ်ဗျာ ဘာရေးရမှန်းတော့မသိဘူး မသိတာပဲရေးခဲ့တော့မယ် ရိုးသားတာနော် ဟားဟား

  © Poetry Of လေပြေ by Ourblogtemplates.com 2008

Back to TOP