လေပြေ Poetry. Powered by Blogger.

အိမ်ပြေး

Monday, April 5, 2010

မျိုမကျတဲ့ထမင်းလုတ်တွေနဲ့  အ၀စားသုံးရာ လည်မျိုတစ်လျှောက်
အမေ့မျက်ရည်စေ့ကလေးတွေ ဆုန်လိုက်ဆန်လိုက် အလွမ်းဟာ သားကိုသေလို့ 
လအပြည့်လွယ်မွေးခံရတဲ့သားအတွက် အမေဟာပင်ပန်းစွာ ကျွေးမွေးလိုက်တယ်
ကိုက်မိခဲ့တဲ့လက်ကလေးနာသွားသလား မေမေ
ကျွန်တော်ဟာ တွန်းထိုးလို့  မေမေ့လက်တွေကြားက ရုန်းကန်လို့ 
အိမ်တိုင်အုပ်ဖိနပ် ငယ်ငယ်က ခေါင်းမှီအိပ်တတ်တယ်
လှေကားထစ်ပိုင်ရှင်ခြံစောင့် ငညိုကငါ့အိပ်ဖော်အိပ်ဖက်
ခုလိုမျိုး အုပ်ဖိနပ်ခေါင်းအုံးလေးတောင်မဲ့သွားမယ်လို့ မတွေးဖူးဘူး
လမ်းမီးတိုင်တွေ မြို့ ပြအလင်းရောင်စုံတွေကြား ခေါင်းအုံးမဲ့လို့ 
အဲ့ဒီတော့ မေမေ့သား
သူတောင်းစား တစ်ယောက်သာသာ သူတောင်းစားတစ်ယောက်လို
ဘယ်သူလည်း သားလေ မေမေ
အဲ့ဒီ့လို သားပဲဖြစ်ခဲ့ရတယ် မဟုတ်လားလေ
သိပ်ကိုတန်းဖိုးထားယုယတဲ့ တွန့် ကြေနေဆဲစက္ကူစုတ်တွေ
သူတို့ ကိုယ်ပေါ်မှာသားက ယုယစွာကဗျာလေးတွေရေးလို့ 
ကြယ်ကလေးတွေကတော့ လိုက်ဖတ်ကြတယ်လေ
သူတို့ ထကကြ ပျော်မြူးကြ သားအလိုကြသလို တစ်ခါတစ်ခါ ကြွေတောင်ကျတယ်
သားကလည်း နောင်တအသေတွေနဲ့ ကောင် ဖြစ်ရင်လှည့်မကြည့်ပြီးရောကောင်
သူတို့ ကြားမှာတော့ ပြန်ကောက်ယူမရတဲ့ကောင်ပေါ့
သားက သူတို့ နဲ့ မတူပဲ ကားယားကျနေပြီးသားကောင် ဒူးထောက်ဖို့ ကို
ဝန်လေးသလောက် ညတိုင်းမှာ ခပ်ကွေးကွေးပဲအိပ်ခဲ့ရတာများတယ်
အချမ်းပြေသလောက်တော့ လကိုခြုံအိပ်ပါတယ် မေမေ
မေမေ လင်းစေချင်ခဲ့ပေမယ့် အလင်းဆိုတာသားအဖို့  ငရဲလိုပဲနေတယ်
လင်းလာလေလေ မကောင်းတွေပိုလာလေ မာကျူရီဆိုတာ ပိုမြင်ရသလိုပေါ့
မေမေလည်း မျက်စိမကောင်းဘူးမို့ လား
ညည့်နက်ရင် အတက်အဆင်းသတိပြုပါ မေမေ
အနားမှာမရှိရင် တောင့်တတဲ့ထဲမှာ ကျွန်တော်ကထိပ်ဆုံးက
အခုလို ဂရုတစ်စိုက် ကြင်နာခဲ့ရင် ဒီလိုဖြစ်မလား
မျက်ဝန်းတွေဟာ မိုးရာသီကိုမကျော်လွန်နိုင်ခဲ့ဘူးမို့ လား အမေ
ကျွန်တော့်လိုသားက အိမ်သိမ်အိမ်မွှားလေးပါ အလင်းအားမပြည့်တပြည့် စုန်းကြူးလေးပါ
မိသားစု ငါးယောက် တိုင်လေးတိုင်နဲ့ အိမ် တစ်တိုင်မဲ့ ကကျွန်တော်
ကျွန်တော်က ကဗျာတွေကိုထောက်ပံ့ ကူလို့ အိမ်ကိုစွန့် ခဲ့သူ
ခုလည်း ထင်းလေးချောင်းစိုက် ထမင်းဖို ကိုစိတ်ပူလို့ နေတယ်
မီးအားမကောင်းတော့ နပ်ချိန်တော့ကြာမှာပဲ
အိမ်ရဲ့ထမင်းအိုးမှာ ထင်းချောင်းလေးမဖြစ်ပေးခဲ့တဲ့သူက မေမေ့ သားပါ
လေလွင့်ရာကပြန်လာတဲ့သားကို ကြင်နာဂရုပြုပြီး ကြိုတယ်နော် မေမေ
ချန်ထားတဲ့ဟင်းခွက် မြိန်ရည်ယှက်ရည်စားသောက်သူ ကျွန်တော်
မေမေကတော့ ကြည့်ပြီးပြုံးနေရှာမှာပဲ…….။
ပြောရဦးမယ်… မေမေ့သားကမိန်းမတွေကိုစေ့စေ့မကြည့်တတ်ဘူးတဲ့လေ
ပြောရဦးမယ်…မေမေ့သားဟာစန်းလည်းပွင့်ပါတယ်
ကျွန်တော်က မောင်လေပြေက ဆော်ကြည်ဘဲပါတဲ့ မေမေ
ငှက်သိုက်ဆံပင်အုပ် လူအိုရုပ်လို မျက်နှာကျကျ ကိုပိုင်တယ် ခြူခြာတာကလည်း
နာမကျန်းဖြစ်လိုက်ပုံများ ဘ၀ကမြေနိမ့်ရာလှံစိုက်ထားသေးတယ်လေ။
အဆုပ်ကသိပ်မကောင်းဘူး သူတစ်ပါးကိုလည်းအားကျသေးတယ်
ရင်ဘတ်တစ်ခြမ်းခဏခဏအောင့်တယ် လမင်းကြီးကိုလည်းအရမ်းငေးတတ်တယ်။
ကြယ်တွေကိုတော့ သူချော့သိပ်တယ် မေမေ
သူတို့ အိပ်ပျော်သွားတဲ့အခါ မေမေဆိုပြဖူးတဲ့သားချော့တေးကို သားပြန်ကြားလို့ 
သားအိပ်နေတာကိုကြည့်ပြီး မေမေလည်းသိပ်ကြည်နူးခဲ့မှာပေါ့
ကျွန်တော်က ကြယ်အစင်းခင်းတဲ့ ပေတရာလမ်းတွေပေါ်
လမိုက်ညတွေဆို မကောင်းတဲ့အဆုပ်နဲ့ ဆေးလိပ်တွေဖွာလို့ 
ကျွန်တော့ကြယ်ဖော်လေးတွေ မအိပ်သရွေ့ ဂဏါမငြိမ်ဖြစ်နေခဲ့တဲ့ ကောင်ပေါ့
လူမျိုးခွဲခြမ်းစိတ်ဖြာရေးကို အင်မတန်ရွံရှာသူ တောင်တန်းတွေ မညီညာဘူး
မြက်ပင်တွေ ဟိုတစ်ပင် သည်တစ်ရွက် သစ်မြက် တွေအမိန့် မနာခံဘူး
ခင်မြောင်တောတန်း သားရဲတွေပေါများတယ်
ဒါပေမယ့် သူတို့ ဟာတောင်တန်းချင်းတူတူတွေပေါ့
ကျွန်တော်ဟာလည်း လူပါပဲ မေမေ
သူတို့ သူတို့ တွေထက်သာသွားတဲ့အချက်ဟာ
မေမေ့သားဟာ ကဗျာဆရာပါ မေမေ…….။
ကျွန်တော်နေတဲ့ရပ်ကွပ်မှာ ပါးစပ်နဲ့ ငွေ ပေါတယ်
စကားပြောတိုင်း ကျောက်သံပတ္တမြားတွေ လည်မျိုမှာ ဆို့ ဆို့ နေလေရဲ့
တစ်ချို့ က လေကိုငွေပေးရှူတယ် အမေရဲ့
အောက်စီဂျင်ဆိုလား ဘာလား မသိဘူး ကြည့်ရင်တော့ အရောင်တွေပါတယ်
သားကိုတော့ မီးပျက်သလိုအကြည့်နဲ့ ပဲ ခဏခဏကြည့်ကြတယ်
မေမေ့အလင်းတိုင်လေးက ခုတော့အမှောင်နဲ့ ကျင့်သားရနေပြီမေမေ
နောင်တ တစ်ပွေ့ တစ်ပိုက်ကို သားလွယ်အိတ်ထဲထည့် မသိချင်ယောင်ဆောင်ရင်း
သားကတော့ ကဗျာတွေပဲ ဆက်ရေးတယ် မေမေ
လောကကိုလည်းအလှဆင်ပါတယ် ကမ္ဘာကိုလည်းပုံတူကူးပါတယ်
အခြားဘ၀တွေကိုလည်း ရေမိုးချိုးသန့် စင်မှုလည်းလုပ်ပါတယ်
အရှိန်မြှင့်တာဗို စနစ်တွေလည်းတပ်ဆင်ထားပါတယ် မေမေ
ဒါပေမယ့် မေမေ့ကိုတော့ မလင်းနိုင်စွမ်းခဲ့ဘူးမို့ လား
ဘ၀လှိုင်းက အပုတ်ကြမ်းတယ် မျက်ရည်မကျအောင် မေမေသွန်သင်ခဲ့ပေမယ့်
သားမိုက်က မှတ်သားဖို့ မတတ်နိုင်ခဲ့ဘူးလေ
လေလိုက် ထွေလိုက်နဲ့  သေဖို့ သွားနေတဲ့သားမိုက်ကို မေမေ
မကယ်ပါနဲ့ 
မေမေ့ကိုတော့ သားရဲ့နှလုံးသားအသေလေးက လွမ်းလျှက်ပါ မေမေ
ကဗျာကျင်းတွေထဲက တက်နိုင်တဲ့နေ့ လောကကိုထမ်းနိုင်ပိုးနိုင်တဲ့နေ့ 
လူတွေကြားထဲဝင်ဆံ့နိုင်တဲ့နေ့  မေမေသားကို ကြို လှည့်ပါ မေမေ
ခုတော့ သားရင်ဘတ်ဟာ သူတို့ ကန်သွင်းနေကြ ဂိုးဖမ်းပိုက်ကြီးပေါ့
ပိုက်ဘော လက်ခံဌာနကြီးလိုလည်း ဖြစ်ခဲ့ရတယ်
အနွေးထည်ပူဆာတုန်းက မေမေ့မျက်ရည်တွေဝဲလို့ 
သား ခုထိနားမလည်ယောင်ဆောင်တုန်းပဲ
နံနက်ခင်းနှင်းတွေစိုဆွတ်နေတဲ့ မြက်ပင်လေးတွေ သားခိုက်ခိုက်တုန်နေပုံကို
ဟားတိုက်ရယ်မောလို့ မေမေ့ရင်ငွေ့ လှုံခဲ့ဖူးသလိုပဲ သားအချမ်းပြေချင်တယ်
သူတို့ နဲ့ နေထိုင်ရတဲ့အခိုက် သားမပျော်ဘူးမေမေ
လူတွေနဲ့ ဆက်ဆံရတဲ့အခါ ကုန်ဈေးနှုန်းတွေနဲ့ စကားပြောရသလိုပဲ
ရေမွှေးနံ့ ကိုမနှစ်သက်တဲ့ အမေ့သားက လူနံ့ ကိုလည်းဟုတ်တိပတ်တိ မခံနိုင်ဘူးလေ
နောက်ပြီးခြူခြာသူတစ်ယောက်ဖြစ်ခဲ့ရလို့  ရင်ဘတ်အောင့်တဲ့အခါတွေဆို
မျက်ရည်တွေမေမေသုတ်ပေးခဲ့တယ်မလား
ကိုယ့်အတွက်ကိုယ်မျက်ရည်ကျခဲ့တဲ့ကောင်က မေမေ့အတွက်မျက်ရည်မရှိခဲ့တာ
သားမှားလားမေမေ …. သားမှားတာပေါ့နော်… သားသိပ်ကိုမှားခဲ့တယ် မေမေ
ဒီလမ်းကို သားလျှောက်ပါရစေ ဆူးတွေပေါတယ် ဒါပေမယ့် ပျော်တယ်လေ
သားနှလုံးသားနဲ့ ခန္ဓာကိုယ်တွင်းရောဂါဘယ တွေကကဗျာကိုပဲ
သောက်ဆေးစားဆေး လိုသုံးစွဲချင်နေတယ်
အသည်းမကောင်းပေမယ့် အပျိုတွေကပွဲခဏခဏတောင်းတယ်
အရက်မကြိုက်ပေမယ့် ဘီယာတော့သောက်တယ်လေ
အဲ့ဒီ ကဗျာဆရာဆိုတဲ့ကောင် မေမေ့သားက ထူတဲ့နေရာမှာ
မြို့ တစ်မြို့ လောက်ကွာဝေးအောင် ထူပိန်းတဲ့ကောင်ပေါ့
သူတပါးအတွက် အကြံဥာဏ်လေးကကောင်းပေမယ့်
ကိုယ်တိုင်ကျပြန်တော့ တုံးအ နေတတ်ပြန်ရော မေမေ
မာကျူရီရောင်မြင်ရင် မုန်းသလောက် ဇိမ်ခံကားဆိုတာ အောက်တန်းစားမစီးဖူးတဲ့
ပန်ခါတပ် ရဟတ်ယဉ် လို့ ပဲထင်တယ်
နားမလည်ပါးမလည်နဲ့  သီအိုရီတွေလည်းတက်ခွစီးဖူးတယ်
အကျီ င်္ဝတ်တဲ့အခါလည်း ကြယ်သီးအပြည့်တပ် အရူးရောဂါမျိုးလည်း စွဲကပ်ခံနေရပေါ့ မေမေ
ကိုယ်ကိုယ်တိုင်က ကဗျာဆရာမို့ လားမသိဘူးသူတစ်ပါးကိုလည်း ဆရာလုပ်ချင်စိတ်လေး ရှိနေပြန်သေး ဘ၀ဟာ သက်တံ့လို အရောင်ထူပြောလှပါတယ် မေမေ
သူတို့ ကြားထဲ သားဟာ ဘာအရောင်ဆိုတာကွဲကွဲပြားပြား မသိသေးတဲ့ကောင်ပေါ့
အဆုံးအစွန်ထိ မေမေရယ်
သားရဲ့ ဘ၀ဟာ
သူတို့ မွေ့ ယာတွေပေါ် သားစပ် ခံနေရတုန်းပဲ
သားဟာ အိုးမဲ့အိမ်မဲ့တစ်ယောက်လား
နပ်မမှန်တဲ့ သူတောင်းစားတစ်ယောက်ရဲ့
အကြည့်လောက်တောင် သားကိုမကြည့်ပေးကြဘူး
ဆုတောင်းတိုင်း ပြည့်တတ်သလား မေမေ ရယ်
လူသားတွေ မျိုးပြတ်ပါစေ လို့ ဆုတောင်းချင်တယ်
ဟစ်တလာ ဖုန်မှုန့် ထဲကပေါင်မုန့် ချပ်လေးကောက်စားတာတောင်
သူတို့ ဟာ ခြေနဲ့ ကန်ထုတ်ပစ်ချင်ကြတဲ့သူတွေလေ
Microsoft ၊ အိုဘားမား သူတို့ လိုလည်းမဖြစ်ချင်ဘူး
နတ်ဒေ၀ါ လည်းမဖြစ်ချင်ဘူး မေမေ
ကဗျာတွေနဲ့ ပဲ သားပျော်မွေ့ ချင်ခဲ့တာပါ
မေမေ့ရင်ငွေ့ တွေမှာ မနွေးထွေးခဲ့တာ နှစ်တွေကြာပေါ့
ဆောင်းဦးပေါက်တဲ့အခါ မေမေ့ဆီကိုသားပြန်လာပါ့မယ်
သားမှာအနွေးထည်တစ်ထည် ခုထိမပိုင်ဆိုင်သေးပါဘူး
မေမေ့ရင်ခွင်များထံ လာရောက်ခိုလှုံရင်း
အရောင်တစ်လတ်လတ် သားမြတ်နိုးတဲ့
မေမေ့မျက်ဝန်း တွေကိုပြန်လာကြည့်တဲ့အခါ
ခါတိုင်းလိုပေတေလေလွင့်ပြီး ပြန်လာတဲ့သားမိုက်ကို
ကြင်ကြင်နာနာနဲ့  မျက်ရည်တစ်စို့ စို့ ထွေးပွေ့ ပေးပါ မေမေ။

Print this post

1 comments:

  © Poetry Of လေပြေ by Ourblogtemplates.com 2008

Back to TOP