လေပြေ Poetry. Powered by Blogger.
Showing posts with label ကဗျာအတွဲများ. Show all posts
Showing posts with label ကဗျာအတွဲများ. Show all posts

ခရမ်းရောင်အလွမ်းများ (၁)

Sunday, May 30, 2010

မီးခိုးပြာ အမှောင်ဖျော့အခန်းထဲ
အသက်ငွေ့ ငွေ့ နဲ့  ကုတင်တစ်လုံး
ယိုင်နဲ့ နဲ့  ပြတင်းတစ်ပေါက်နဲ့ 
ကြေကွဲဆို့ နင့် ပြီးသား ရင်အစုံလိုက်
အနက်ရောင် ပိတ်ကားပေါ် ခင်းကျင်းလို့ 
တိမ်သားတွေ တလိတ်လိတ် တက်လာတယ်
ပြတင်းမှာ ကြယ်မစုံ လင်းတဲ့အခါ
အိပ်ရာထက်က ငါ့နှလုံးသားအသေလေးက
မင်းကို ခဏခဏ လွမ်းတတ်နေလေရဲ့ ….. ။

ငါ့အတ္တက ဆေးလိပ်နံ့ တွေမွှန်ထူလို့ 
ခဏခဏ မောတတ်တဲ့ ငါ့ရင်က
အဲ့ဒီ အဆိပ်ငွေ့ နဲ့ ပဲ အသက်ဆက်နေတယ်
နေ၀င်ချိန် တစ်ကိုယ်တည်းငေးရတာ
မင်းမရှိမှ နေက အပြေးအလွှားဝင်သွားလို့ 
ငါခံစားနေရတာကို မေးဖော်တောင်မရဘူး
တောင်မြောက်အဟုန် လေကရွက်ဖွင့်ထားသလို
ငါချမ်းလွန်းလို့  တုန်နေတာတောင်မှ
အရင်လိုမင်းရင်ခွင်မှာ မနွေးထွေးနိုင်တော့ဘူး
ကြယ်တွေကြွေတိုင်း ငါ့လက်တွေဖြန့် ထားမိတယ်
မင်းလိုပဲ ……
သူတို့ ငါရှေ့မှာ နောက်တစ်ခါ မကြွေတော့ဘူး

အနီးဝန်းကျင် ပွင့်သမျှပန်းတွေက
ရာသီဥတုကို အကြောင်းပြ မင်းမရှိတော့မှ
ညှိုးရော်သွားလိုက်ကြတာ ခေါင်းတောင်ပြန်မမော့တော့ဘူး
နေရောင်နဲ့ အတူ ရောက်လာတတ်တဲ့ ပြတင်းဘောင်မှာ
အော်ဟစ်အစာတောင်းတတ်တဲ့ ငှက်ကလေးတွေက
မင်းမရှိတဲ့အခါ ငါချကျွေးသမျှမစားကြဘူး
သူတို့ အတောင်တွေခတ်လိုက်ကြတိုင်း
မင်းရှိရာခေါ်သွားမယ့် နေ့ ကို မျှော်…မျှော်မိတယ်
ငါ့ကိုဒီဝဋ်ကလွပ်လပ်ခွင့်ပေးပါ………။

တစ်ချိန်က ရင်ခွင်ဟာ မင်းအငွေ့ အသက်တွေနဲ့ 
မင်းမရှိမှ ငါ့ရင်ခွင်က နတ်ရွာစံသွားရသလို
မင်းမရှိမှ ငါက မင်းအသုံးအဆောင်တွေနဲ့ 
နေ့ စဉ်မှန်မှန် လေ့ကျင့်ခန်းတွေလုပ်နေမိတယ်
မင်းနဲ့ ဝေးနေရတဲ့ ဒုက္ခ မင်း ငါ့ဆီပြန်မလာတော့တာကို
ငါ့ဆံပင်တွေအညှပ်ခံလိုက်ရတာထက်ကို ငါမုန်းတီးနေတယ်
ရေချိုးခေါင်းလျှော်ဖို့  အ၀တ်စားတွေမီးပူတိုက်ဖို့ 
ထမင်းခူးခပ်စားဖို့  အချိုတည်းဖို့  ရေသောက်ဖို့ 
အားလပ်ရက်မှာ ရုပ်ရှင်တူတူကြည့်မယ့်စိတ်ကူး
အားလုံးက အဆိပ်ခပ်ထားသလို ငါနဲ့ မဆိုင်သလို
အလွမ်းကို သက်သာလို့ သက်သာငြား အမှောင်ထဲထိုင်
ဟာသ စာအုပ်တွေကို မျက်ရည်နဲ့ ဖတ်နေမိတယ်
ကြာတော့ ……
ငါ့နှလုံးသားလေး ဖျားနာလာတယ်
အလွမ်းဆိုတာများ ခြစ်ခြစ်တောက်ပူလို့ 
ရေခဲဖတ်နိုင်နိုင်တိုက်ဖို့ ဆရာဝန်ကပြောတယ်
ပူလိုက်အေးလိုက်နဲ့ ပဲ သုံးလလောက်ကြာတယ်

ဒီနေ့ ….
ငါ့ ပြတင်းဘောင်မှာ ငှက်ကလေးတွေအစာလာတောင်းတယ်
သတင်းစာနောက်ကျောမှာ မင်းနာရေးသတင်းကိုတွေ့ တယ်
ငါ့ကိုယ်ငါ အလန့် တကြားပြန်မြင်လိုက်ရတယ်
လက်ထဲကဆေးလိပ်ပြာ ဖင်ဆီခံနားကပ်နေပြီ
မင်းနာရေးသတင်းကို မျက်တောင်မခတ်ငါကြည့်နေတယ်
ငါ့မျက်တောင်တွေမခတ်တော့တာကို ငါကပြန်မြင်လို့ 
ခဏနေရင် သူတို့ ငါ့ကိုလာခေါ်ကြလိမ့်မယ်……..။

Read more...

  © Poetry Of လေပြေ by Ourblogtemplates.com 2008

Back to TOP